ကျွန်တော့် အသည်းလေး
မင်္ဂလာပါသူငယ်ချင်းတို့ရေ.... ကျွန်တော့်အကြောင်းလေး ခဏလောက် ပြောပြချင်လို့ပါ...။ ကျွန်တော့်အကြောင်းကို သိရလို့ အချိန်ကုန်ရကျိုးနပ်မယ်ဆိုတာ ကျွန်တော်က အာမခံပါတယ်နော်… ကျွန်တော့်နာမည်က အသည်းလေးပါ...။ ချစ်စနိုးခေါ်ကြတာပေါ့...။ နာမည်ရင်းက အသည်းပဲဆိုပါစို့...။ ကျွန်တော်နေတာကတော့ သူငယ်ချင်းတို့ ခန္ဓာကိုယ်ဝမ်းဗိုက်ပိုင်းရဲ့ ညာဘက်အပေါ်ပိုင်းမှာနေပါတယ်... ။ ကျွန်တော့်အလေးချိန်ကတော့ သုံးပေါင်လောက် ရှိတယ်ဗျ… ဘောလုံးတစ်လုံးလောက်အရွယ်အစားပေါ့ဗျာ... ။ နံရိုးတွေက ကာထားပေးလို့ ပုံမှန်ဆို ကျွန်တော့်ကို ထိတွေ့စမ်းသပ်လို့တော့ မရနိုင်ပါဘူး...။ အဲဒါကြောင့် ကျွန်တော့်ကို စမ်းမိနေရင် အသည်းကြီးနေတာမို့ အသည်းရောင်ရောဂါလား၊ တခြားရောဂါတစ်ခုခုကြောင့် ကြီးနေတာလားဆိုတာ စစ်ဆေးဖို့ လိုပါလိမ့်မယ်....။ ကျွန်တော့် အသားအရောင်ကတော့ အနီရင့်ရောင်လေးဗျ...။ ကျွန်တော်က အညိုရောင်တွေ၊ အမည်းရောင်တွေ ပြောင်းသွားရင်တော့ ကျွန်တော့် ကျန်းမာရေး မကောင်းတော့လို့ပါ… ။အသည်းခြောက်တာတွေ၊ အသည်းကင်ဆာတွေ ဖြစ်လာရင်ပေါ့....။ ကျွန်တော့်ကျန်းမာရေးမကောင်းရင် ကျွန်တော့်ရဲ့ ပုံမှန်လုပ်ငန်းတွေကို မလုပ်နိုင်တော့ရင် သူငယ်ချင်းတို့အတွက် ပြဿနာတွေ အများကြီး ဖြစ်လာမှာဗျ...။ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ရဲ့ အလုပ်တွေကများတာကိုး...။ ကျွန်တော့်ရဲ့ အဓိကအလုပ်တွေကို ကြည့်ကြရအောင်နော်....။ သူငယ်ချင်းတို့ စားလိုက်တဲ့ အစားအစာတွေ၊ ဆေးတွေ၊ သောက်လိုက်တဲ့အရက်တွေမှာပါတဲ့ အဆိပ်အတောက်တွေကို ကျွန်တော်က သန့်စင်ပေးရပါတယ်...။ ခန္ဓာကိုယ်ထဲက Ammonia လို့ခေါ်တဲ့ဓာတ်တွေကို Urea အဖြစ်ပြောင်းပြီး ဆီးထဲကတဆင့် စွန့်ထုတ်ဖို့၊ အစာလမ်းကြောင်းထဲ ရောက်လာတာတွေထဲက လိုအပ်တာတွေကို သိမ်းထားဖို့၊ သွေးထဲကတဆင့် ခန္ဓာကိုယ်ဆီ ပို့သင့်တာတွေပို့ဖို့နဲ့ မလိုအပ်တဲ့ Toxins တွေကို ဆီးနဲ့ဝမ်းထဲကနေ တဆင့် စွန့်ထုတ်ဖို့ ကျွန်တော်က လုပ်ဆောင်ပါတယ်...။ ဒါကြောင့် အရက်အများကြီး စွဲသောက်တဲ့အခါ၊ ဆေးတွေ အလွယ်တကူ ခဏခဏ သောက်တဲ့အခါ ကျွန်တော်လည်း အလုပ်လုပ်ရလွန်းလို့ ပင်ပန်းပြီး ကျွန်တော့်ကျန်းမာရေး ထိခိုက်လာတတ်တာပေါ့...။ ကျွန်တော်အလုပ်မလုပ်နိုင်တော့ရင် ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေ ပုံလာမှာမို့ ကျွန်တော်အသည်းလေးကို ထိခိုက်စေမယ့် အပြုအမူအနေအထိုင်တွေကို ဆင်ခြင်ပေးကြပါနော် သူငယ်ချင်းတို့ရေ.....။ ကျွန်တော့်ဆီက Bile လို့ခေါ်တဲ့ အစာချေရည်တွေကို ထုတ်လုပ်ပေးပါတယ်...။ အဲဒီ အစာချေရည်တွေဟာ သည်းခြေပြွန်က တဆင့် အစာလမ်းကြောင်းထဲ ရောက်ပြီး သူငယ်ချင်းတို့စားလိုက်တဲ့ Proteins ၊ Fats နဲ့ Carbohydrates တွေကို အစာချေပြီးတဲ့အခါ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ စွမ်းအင်တွေကို သိမ်းဆည်း ထုတ်လုပ်ပေးပါတယ်။ မလိုတာတွေကိုတော့ အပေါ်ကပြောခဲ့သလို့ စွန့်ပစ်ဖို့ လုပ်ရတာပေါ့...။ ကျွန်တော့ရဲ့ လုပ်ငန်းတွေထဲမှာ အူတွေထဲက စုပ်ယူထားတဲ့ Minerals ၊ Copper ၊ Zinc ၊ Magnesium ၊ Iron နဲ့ Vitamin A, D, E, K, B12 တွေကို သိမ်းဆည်းရတာလည်း ပါတယ်ဗျ...။ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ဓာတ်တွေဖြစ်လို့ ကျွန်တော်မကျန်းမာရင် အဲဒီဓာတ်တွေ ချို့တဲ့သွားတော့မှာပါ...။ သူငယ်ချင်းတို့ စားလိုက်သောက်လိုက်တဲ့ Glucose အချိုဓာတ်တွေကို ကျွန်တော်က Glycogen ဆိုတဲ့ ပစ္စည်းလေးအဖြစ် ပြောင်းပြီး သိမ်းဆည်းပေးထားရပါတယ်.. .။တကယ်လို့ Fasting လုပ်လို့ပဲဖြစ်ဖြစ်၊ Starvation အငတ်ဘေးဆိုက်လို့ပဲဖြစ်ဖြစ် သွေးထဲမှာ သကြားဓာတ် ပုံမှန်ထက် နည်းလာတဲ့အခါ ကျွန်တော်သိမ်းထားတဲ့ Glycogen ကို Glucose အဖြစ် ပြန်ပြောင်းပြီး သကြားဓာတ်ရအောင် လုပ်ပေးပါတယ်...။ ကျွန်တော့်ကျန်းမာရေး မကောင်းတဲ့အခါ Glucose တွေကို Glycogen အဖြစ် မပြောင်းနိုင်လို့ သွေးတွင်းသကြားဓာတ်များပြီး ဆီးချိုသွေးချိုတွေ ဖြစ်နိုင်သလို သကြားဓာတ်နည်းတဲ့အခါ Glucose လုံလောက်အောင် ထုတ်မပေးနိုင်လို့ ဦးနှောက်ထဲမှာ သကြားဓာတ်နည်းပြီး Coma ဝင်သွားနိုင်တာမို့လို့ သူငယ်ချင်းတို့ ကျွန်တော့်ကို ဂရုစိုက်ရမယ်နော်...။ သူငယ်ချင်းတို့ ခန္ဓာကိုယ်ထဲကိုဝင်ရောက်လာတဲ့ virusတွေ၊ bacteriaတွေကို ဖယ်ထုတ်တိုက်ခိုက်တဲ့ လုပ်ငန်းစဥ်ကိုလည်း ကျွန်တော်က ဆောင်ရွက်ပေးရပါတယ်...။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းတွေ အများကြီးကို ကျွန်တော်က ထုတ်လုပ်ပေးရပါသေးတယ်...။
- Prothrombin လို့ခေါ်တဲ့ သွေးခဲစေရာမှာ အထောက်အကူပြုတဲ့ ပရိုတင်း(ထိခိုက်ဒဏ်ရာတွေ ရတဲ့အခါ သွေးတိတ်စေဖို့ပေါ့)
- Lipoproteins လို့ခေါ်တဲ့ cholesterolတွေကို သယ်ယူပို့ဆောင်ရာမှာ အရေးပါတဲ့ ပရိုတင်း
- Globulins လို့ခေါ်တဲ့ ကိုယ်ခံအားစနစ်မှာ အရေးကြီးတဲ့ ပရိုတင်း
- Albumins လို့ခေါ်တဲ့ ကိုယ်တွင်းအရည်ဖိအားစနစ်အတွက် အရေးပါတဲ့ ပရိုတင်း
ဒါတွေက ကျွန်တော်ထုတ်လုပ်ပေးရတဲ့ထဲက အရေးပါတဲ့ ပရိုတင်း တချို့ပါ...။
အခု ပြောခဲ့တာတွေ ကတော့ ကျွန်တော့်ရဲ့ အရေးကြီးတဲ့ အလုပ်တချို့ပါ...။ တကယ်တော့ ကျွန်တော့် လုပ်ငန်းစဥ်တွေက ငါးရာလောက်တောင် ရှိတာဗျ...။ ဒီလောက်ဆိုရင် သူငယ်ချင်းတို့ ခန္ဓာကိုယ်မှာ ကျွန်တော်က ဘယ်လောက်တောင် မရှိမဖြစ်လဲဆိုတာ သဘောပေါက်ကြမယ် ထင်ပါတယ်...။
ကျွန်တော့်ကို ကျန်းမာစေချင်ရင်တော့....
- အာဟာရဖြစ်အောင်လတ်ဆတ်တဲ့ သီးအရွက်တွေ၊ အသားငါးတွေ၊ အစေ့အဆံတွေ များများစားပေးရမယ်နော်...။
- ရယ်ဒီမိတ် အစားအစာတွေ၊ ကြာရှည်ခံအောင် လုပ်ထားတဲ့ အစားအစာတွေ၊ ဆီကြော်တွေ၊ အရက်ဆေးလိပ်တွေ၊ ဆေးဝါးအလွယ်တကူသောက်တာတွေ ရှောင်ရမယ်နော်...။
- အိပ်ရေးဝဝ အိပ်ဖို့လည်း မမေ့နဲ့ပေါ့...။
အဲဒါမှ အသည်းလေးကို ချစ်ရာရောက်ပြီး ကျွန်တော်အသည်းလေး ကျန်းမာမှာပေါ့ဗျာ....။
ကျွန်တော်အသည်းလေးကလည်း အားလုံးကိုချစ်ပြီး ကျန်းမာစေချင်ပါတယ် သူငယ်ချင်းတို့ရေ...။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် website လေးကို share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။